Personal tools
You are here: Home ဆောင်းပါး လူငယ်၊ နည်းပညာနှင့် အင်တာနက်ရာဇ၀တ်မှုများ
Navigation
Log in


Forgot your password?
 
Document Actions

လူငယ်၊ နည်းပညာနှင့် အင်တာနက်ရာဇ၀တ်မှုများ

by michael last modified 2011-05-04 17:31

ပြီးခဲ့တဲ့ လေး၊ ငါးနှစ်ကာလတွင် Internet Chatting တွေ အရမ်းခေတ်စားလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖူးသူတွေဟာ အင်တာနက်ပေါ်မှာ မိတ်ဖွဲ့ကြတယ်။

တောင်တောင်အီအီတွေ ပြောကြတယ်။ အခုဆို ကင်မရာကိုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဖန်သားပြင်ပေါ်မှာတောင် မြင်နိုင်ပြီ။ အင်တာနက် ဆက်သွယ်မှုတွေကောင်းလာတော့ အင်တာနက်ကိုအသုံးချပြီး အမြတ်ထုတ်ချင်သူတွေလည်း များလာတယ်။ သူတို့က “ဘယ်သူ ဘယ်ဝါမှန်းမသိခြင်း” (Anonymity) ကို အသုံးချပြီး အင်တာနက် ရာဇ၀တ်မှုတွေ ကျူးလွန် လာပါတယ်။

Internet Chatting အကြောင်းပြောရင် နိုင်ငံခြားက ပညာပေးကြော်ငြာလေးတစ်ခုကို သတိရမိတယ်။ အဲ့ဒီကြော်ငြာထဲမှာ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်တို့ ကင်မရာသုံးပြီး Internet Chatting လုပ်ကြ တယ်။ ဒါကို Webcam Chatting လို့လည်းခေါ်ကြပါတယ်။ ဒီကောင်လေးနဲ့ ကောင်မလေးတို့ဟာ ဆယ်ကျော် သက်အရွယ်တွေ။ သူတို့ပြောတဲ့စကားတွေက လိင်နှိုးဆွမှုကို အသားပေးတဲ့စကားတွေ။ ဒီတော့ လည်ပင်းကနေ ခါးလောက်အထိပဲ ကွန်ပျူတာဖန်သားမှာ ပေါ်တယ်။ ကောင်လေးက တီရှပ်အဖြူ (အဖြူလို့ ထင်တာပဲ) ၀တ်ထား ပြီး ကောင်မလေးက တီရှုပ်အနီပေါ်မှာ အရုပ်ပါတာ ၀တ်ထားတယ်။ သူတို့နှစ်ယောက် ညစ်ညစ်ညမ်းညမ်းတွေ ပြောပြီးနောက် ကောင်လေးက ကောင်မလေးကို အင်္ကျီချွတ်ပြဖို့တောင်းဆိုတယ်။ ကောင်မလေးက လက်ခံလိုက် တယ်။

အဲ့ဒီအချိန်မှာပဲ အောက်ထပ်က အမေဖြစ်သူက ကောင်လေးကို နေ့လည်စာစားဖို့ လှမ်းအော်တော့ ကောင်လေးလည်း အရှိန်ပျက်သွားပြီး အောက်ထပ်ဆင်းလာတယ်။ ထမင်းဝိုင်းမှာ ၀င်ထိုင်တယ်။ ထမင်းဝိုင်းမှာ ကောင်လေးအဖေ၊ အေမေနဲ့ ကောင်လေး စုစုပေါင်း သုံးယောက်။ ခဏနေတော့ ကောင်လေးရဲ့ ညီမဖြစ်သူ ထမင်းဝိုင်းမှာ လာထိုင်တယ်။ သူမရဲ့ အခန်းထဲကထွက်လာတာပဲ။ ကောင်မလေး ထမင်းဝိုင်းမှာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်လေးမျက်စိမျက်နှာပျက်သွားတယ်။ ကောင်မလေးလည်းခေါင်း ငိုက်စိုက်ကျပြီး ချက်ချင်းထ ထွက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးဟာ အရုပ်ပါတဲ့တီရှပ်အနီနဲ့ဖြစ်ပြီး ကောင်လေးကလည်း တီရှပ်အဖြူနဲ့။ သူတို့နှစ်ယောက် ချက်ချင်းအခြေအနေကို သိသွားကြတာ။ မိဘတွေကတော့ မသိရှာဘူး။ သူတို့ မောင်နှမနှစ်ယောက် ကိုယ်တိုင်လည်း ခုနက ကွန်ပျူတာမှာ ပြောနေချိန်အထိ မသိပါဘူး။ တကယ့်ကို ထိတ်လန့် စရာကောင်းတဲ့အဖြစ်ပါ။ တစ်ယောက်ကိုတစ်ယောက် ဘယ်သူမှန်းမသိတဲ့ နာမည်အတုတွေနဲ့ Chat လုပ်ကြ။ အခုတော့ ကိုယ်ကျိုးနည်းပြီ။

အမေရိကနဲ့ ဥရောပမှာတော့ ဒီလိုအဖြစ်တွေ အရမ်းများနေပြီ။ ဒါကြောင့်လည်း အခုလို ပညာပေးကြော် ငြာတွေလုပ်ပြီး တားဆီးနေတာ။ ဒီလိုအဖြစ်ဆိုးတွေအပြင် အခြားအင်တာနက်ရာဇ၀တ်မှုတွေလည်း ဒုနဲ့ဒေးရှိပါ သေးတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်နဲ့ ကလေးအရွယ်တို့ဟာ အင်တာနက်မုဆိုးတွေရဲ့သားကောင် ငယ်တွေဖြစ်နေကြရတယ်။ အင်တာနက်ရာဇ၀တ်ကောင်တွေရဲ့ အဓိကအားသာချက်တွေကတော့ လူငယ်တွေ ဟာ ယုံလွယ်တယ်၊ အတွေ့အကြုံနုတယ်၊ စပ်စုတယ်၊ စွန့်စားလိုတယ်။ ပြီးတော့ သူများရဲ့ ဂရုစိုက်မှုကို ခံယူ ချင်တယ်။

အင်တာနက်မုဆိုးတွေရဲ့ နောက်ထပ်အားသ်ာချက်တစ်ခုက သူတို့ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ် နိုင်ခြင်းပါပဲ။ ရာဇ၀တ်သမားတွေဝင်တဲ့နည်းကတော့ စောစောကလို Chat Room နဲ့ Email တို့ကတစ်ဆင့် ရင်းနှီး အောင် မိတ်ဖွဲ့၊ လက်ဆောင်နဲ့ ဓာတ်ပုံတွေဖလှယ်၊ ပြီးတော့ တစ်ဖက်လူငယ်ရဲ့ ယုံကြည်မှုကိုရအောင် တည်ဆောက် နောက်ဆုံးသူလိုချင်တာကို ရအောင်ကြိုးစားပါတော့တယ်။

အင်တာနက်ရာဇ၀တ်မှုပုံစံများ

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအပေါ် အင်တာနက်ရာဇ၀တ်ကောင်တွေသုံးတဲ့ ပုံစံတွေက-

(၁) လိင်ကိစကို ကျူးလွန်ဖို့ Online က တစ်ဆင့် မြူဆွယ်ဖြားယောင်းခြင်း။
(၂) Child Pornography ခေါ်တဲ့ ကလေးညစ်ညမ်းဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ထုတ်လုပ်ရောင်းချခြင်း။
(၃) အင်တာနက်ကိုအသုံးချပြီး ညစ်ညမ်းဗွီဒီယိုတွေ၊ ဓာတ်ပုံတွေကို ဖြန့်ဝေခြင်းနဲ့ ကျန်အင်တာနက်
အသုံးပြုသူတွေကိုပါ ဒီလို ညစ်ညမ်းကိစတွေကို ဖလှယ်ဖို့ မြူဆွယ်ခြင်း။
(၄) စီးပွားရေး အကျိုးအမြတ်အတွက်သော်လည်းကောင်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက်သော်လည်း ကောင်း၊ လိင်ဆိုင်ရာ တရားမ၀င်မှုတွေကို အကောင်အထည်ဖော်ဖို့ ကလေးငယ်တွေကို အမြတ်ထုတ် အသုံးချခြင်း စသဖြင့်ဖြစ်သည်။
(၅) အင်တာနက်ကို အသုံးပြုတာဖြစ်တဲ့အတွက် ရာဇ၀တ်ကောင်တွေအနေနဲ့ ရာဇ၀တ်မှုကို အကောင် အထည်ဖော်ဖို့ လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆက်ဆံစရာမလို။ ဒါ့အပြင် ကလေးတွေနဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေကို လိင်ဆိုင်ရာ ညစ်ညမ်းပုံတွေမှာ ကွန်ပျူတာဒီဇိုင်းပညာသုံးပြီး ရောစပ်ဖန် တီးကာ ဖြန့်ဝေကြတယ်။ ဒီလိုဖြန့်ဝေနေပါလားဆိုတာကို အသုံးချခံရသူ လူငယ်တွေအနေနဲ့ သိတောင် မသိကြပါဘူး။
(၆) အင်တာနက်ရာဇ၀တ်မှုတွေဟာ နှစ်ပေါင်းများစွာတာရှည်ခံကြပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို အင်တာနက်ပေးတင်လိုက်တာနဲ့ တစ်ပြိုင်နက် အဲ့ဒီပုံဟာ တစ်ဆင့်ပြီးတစ်ဆင့်ပျံ့သွားပြီး နှစ် ပေါင်းများစွာကြာအောင် Online ပေါ်မှာ ရှိနေကြတယ်။ အင်တာနက်ပေါ်မှာဆိုတော့ ပုံအရည်အသွေး လည်း မပျက်တော့ဘူး။
(၇) အင်တာနက်ရာဇ၀တ်မှုတွေဟာ နယ်နမိတ်တွေအများကြီးကို ကျော်ဖြတ်နိုင်သလို နိုင်ငံပေါင်းစုံက လူတွေဟာလည်း ဒီရာဇ၀တ်မှုတွေမှာ နာမည်အတုတွေနဲ့ ပါဝင်ပတ်သက်နေကြတယ်။ အသုံးချခံရမယ့် ကလေးငယ်တွေရဲ့ နေရပ်လိပ်စာဟာ ရာဇ၀တ်ကောင်တွေအတွက် အရေးမကြီးပါဘူး။
(၈) အင်တာနက်ရာဇ၀တ်မှု ကျူးလွန်ခံရသူတွေဟာ များသောအားဖြင့် သူတို့ရဲ့အဖြစ်မှန်ကို တခြားဘယ်သူ မှ မပြောပြကြပါဘူး။ အင်တာနက်ကတစ်ဆင့် အပြင်မှာပါ မတရားပြုကျင့်ခံရတဲ့ လူငယ်နဲ့ ကလေးတွေ ဟာ သူတို့ရဲ့အဖြစ်မှန်ကို မိဘတွေ ဆရာတွေကို ပြောပြသင့်ပေမယ့် မပြောပြဘဲ မြုံပြီး ကြိတ်ခံစားနေ ကြတာများပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယားတကသိုလ်မှာ Crimes Agaist Children Research Center ဆိုတဲ့ ဌာနရှိတယ်။ အဲ့ဒီဌာနရဲ့ ဒါရိုက်တာဒေါက်တာဒေးဗစ်ဖင်ကယ်လ်ဟော ဦးဆောင်ပြီး အင်တာနက် ရာဇ၀တ်မှုစစ်တမ်းထုတ်ခဲ့ရာမှာ တွေ့ရှချက်တချို့ခဲ့တယ်။

အင်တာနက်ရာဇ၀တ်မှုဆိုင်ရာ တွေ့ရှိချက်များ

-လွန်ခဲ့တဲ့နှစ်က လူငယ်ငါးဦးမှာ တစ်ဦးဟာ လိင်ကိစကျူးလွန်ဖို့ ဖြားယောင်းမှုခံခဲ့ရတယ်။
-လူငယ် (၃၃) ဦးမှာ တစ်ဦးဟာ လိင်ကိစဆိုင်ရာ အနိုင်ကျင့်မှု ခံခဲ့ရတယ်။
-လူငယ် (၄) ဦးမှာ တစ်ဦးဟာ ၀တ်လစ်စလစ်ပုံတွေကို Email သို့မဟုတ် အင်တာနက်က တစ်ဆင့် လက်ခံရရှိခဲ့တယ်။
-လူငယ် (၁၇) ဦးမှာ တစ်ဦးဟာ အခြိမ်းအခြောက်ခံရတယ်။

-ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး ခံရသူလူငယ်တွေဟာ ရဲဝန်ထမ်းတွေကို မတိုင်ကြားခဲ့ ကြဘူး။
-ရာဇ၀တ်မှုရဲ့သားကောင်ဖြစ်ခဲ့ရသူ လူငယ်စုစုပေါင်းရဲ့ (၂၅) ရာခိုင်နှုန်းကသာ အဖြစ်မှန်ကို မိဘတွေထံ ဖွင့်ပြောခဲ့ကြတယ်။
-အိမ်တွေမှာ အင်တာနက်သုံးစွဲသူ မိဘအရေအတွက်ရဲ့ သုံးပုံတစ်ပုံကသာ ညစ်ညမ်းကိစတွေကို တားဆီတဲ့ Blocking Software တွေ တပ်ဆင်ထားကြတယ်။

ဒီအဖြစ်အပျက်တွေဟာ အစစ်အမှန်တွေပါ။ အင်တာနက်သုံးသူ လူငယ်တွေ စဉ်းစားဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။

မောင်ဒေး

(မှတ်ချက်။ ။ ဆရာမောင်ဒေးရဲ့ “လူငယ်၊ နည်းပညာနှင့် အင်တာနက်ရာဇ၀တ်မှုများ” ဆောင်းပါးကို ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ အမှတ် (၁၃) ချင်းတွင်းမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသဖြင့် စာရေးသူ၏ အာဘော်နှင့် ဆိုလိုရင်းအတိုင်းပင်ဖြစ်တယ်လို့ ပြောချင်ပါတယ်။)

Online help!
« May 2012 »
Su Mo Tu We Th Fr Sa
12345
6789101112
13141516171819
20212223242526
2728293031
Help! Help!
မေးချင်တာရှိရင် မေးနိုင်တယ်
119center@gmail.com
Font Download
Zawgyi-One
 

Powered by Plone CMS, the Open Source Content Management System

This site conforms to the following standards: